Local News

မြန်မာနိုင်ငံမှ ပြောင်းဆံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် စီစဉ်လျက်ရှိ

Last Updated:

မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) တို့အကြား မြန်မာနိုင်ငံမှ ပြောင်းကို တရုတ်နိုင်ငံသို့ တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာလိုအပ်ချက် သဘောတူစာချုပ် (The Protocol of Phytosanitary Requirements for Exporting Maize from Myanmar to China) ကို ၃၁-၁-၂၀၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပါသည်။

အဆိုပါသဘောတူစာချုပ်၏ အပိုဒ် (၃) အရ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြောင်းဆံတင်ပို့မည့် မြန်မာကုမ္ပဏီ (၈၆)ခု၏ သိုလှောင်ရုံ (၁၀၀)ခုနှင့် အခြောက်ခံစက် (၄၃)ခု စာရင်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှတစ်ဆင့် GACC ထံသို့ ပေးပို့ခဲ့ပြီးဖြစ်ရာ မြန်မာနိုင်ငံမှပြောင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံမှပြောင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ ၂၀၈၁၅၉ မက်ထရစ်တန်နှင့် နယ်စပ်မှ ၁၃၂၂၉၁၁ မက်ထရစ်တန် တင်ပို့ခဲ့ရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှ ၂၆၃၅၇၃ မက်ထရစ်တန်နှင့် နယ်စပ်မှ ၂၃၅၀၀၉၄ မက်ထရစ်တန်အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြောင်းတင်ပို့မှုမှာ စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၁.၆၂%ဖြင့် အဆင့်(၁၁)ရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ Mini Budget တွင် ပြောင်းတင်ပို့မှုမှာ စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၄.၄၅% ဖြင့် အဆင့်(၄)နေရာသို့ ရောက်ရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လယ်ယာထွက်ပစ္စည်းများတင်ပို့မှုတွင် ဆန်နှင့်ဆန်ကွဲပြီးပါက ပြောင်းသည် ဒုတိယအများဆုံး ပို့ကုန်ဖြစ်သည်။

စန်းစန်းအေး (MYANTRADE)

Category: Local News